စမ်းချောင်း-အင်းစိန်-ဟားဗတ် ♥ မသီတာ(စမ်းချောင်း)ဝတ္ထုရှည်စဆုံး အပိုင်း ၁
စမ်းချောင်း-အင်းစိန်-ဟားဗတ် 🔸🔸🔸🔸🔸🔸🔸🔸 မသီတာ - စမ်းချောင်း ___♥___ အပိုင်း - ၁ ဝိုးတဝါးအိပ်မက်များနှင့်လမ်းလျှောက်ခြင်း မူလတန်းအိပ်မက်များ မြကျွန်းသာမှ အစပြု၍ကြီးမားသော ဂိတ်တံခါးကြီးက သူ့ရင်ခွင်ကို နှစ်ခြမ်းခွဲကာ ဖွင့်ပြနေခဲ့ သည်။ ဂိတ်တံခါးကြီး မိတ်ဆက်ပေးလိုက်သည်က အဓိပတိလမ်း။ အဓိပတိ လမ်းအဆုံးမှာ သစ်ပုပ်ပင်နှင့် ဘွဲ့နှင်းသဘင်ခန်းမ။ အဝေးမှကြည့်လျှင်ပင် ကျက်သရေရှိလှသည့် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ။ ခန်းမအဆောက်အအုံ ဘေးတစ်ဘက်တစ်ချက်က ခြင်္သေ့ကြီးနှစ်ကောင်။ မလှမ်းမကမ်းမှာက ဖြောင့်တန်းရှည်လျား တုတ်ခိုင်သည့် တစ်ကိုယ်တော် သစ်ပုပ်ပင်။ ဂိတ်တံခါးကို လွန်သည်နှင့် ဘယ်ဘက်မှာ ကျောင်းဆောင် အဆောက်အဦများ။ ညာအောက်မှာ မြက်ရိုင်းရှည်တွေ ကြီးစိုးသည့် ကွင်းပြင်။ ငှက်ရိုင်းရှည်ကွင်းပြင်ကို သေချာကြည့်လျှင် မြင်ရနိုင်သည်က ခပ်ဟောင်း ဆောင်း အုတ်ဂူတစ်လုံး။ အနီးအနားမှ ညိုမှိုင်းမှိုင်းမြက်ခင်း၊ မြေနီလမ်းတို့နှင့် ရွက်စိမ်းဖားဖား ကံ့ကော်ပင်တွေကြားမှာ ထိုအုတ်ဂူက မထင်မရှား။ “ဒီဂူက နယ်ချဲ့ကိုဆန့်ကျင်ရင်း ကျဆုံးခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်ရဲ့ ဂူပေါ့။ ဒီကွင်းပြင်နေ...